မှော်နယ်မြေ သို့ ...

မှော်နယ်မြေ သို့ ...

 

အချိန်က မိုးရာသီ မိုးတွင်းကာလ ဖြစ်သည်၊ ညကတည်းက ရွာချ လိုက်သော မိုးသည် မနက်အထိ ရွာနေဆဲပင်၊ ချိုင့်ခွက်များနှင့် ကြမ်းတမ်းသော လမ်းမပေါ်တွင် ရေများပြည့်လျှံနေသည်၊ မနက် အိပ်ရာနှိုး မိုးလင်းခါစ အချိန် သူငယ်ချင်း ၃ ယောက် နဲ့ လုံးခင်းရွာထဲ သွားပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်၊ လုံးခင်းကျေးရွာ က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ထဲမှာ တည်ရှိတဲ့ ကျေးရွာလေးတစ်ရွာဖြစ်တယ်၊ လုံးခင်းကျေးရွာကို သွားမယ်ဆိုရင် မြစ်ကြီးနား ထိ ကားလမ်း၊ မီးရထားလမ်း၊ လေယာဉ် တို့နဲ့ သွားလို့ရတယ်၊ မီးရထားနဲ့ သွားမယ်ဆိုရင် မန္တလေး - မြစ်ကြီးနား ရထားစီးပြီး မိုးကောင်း ဘူတာ မှာ ဆင်းရသည်၊ မိုးကောင်း ရောက်မှ ကားနဲ့တစ်ဆင့် ၇နာရီ ၈နာရီလောက် မောင်းရင် လုံးခင်းကျေးရွာကိုရောက်သည်၊ ကျေးရွာဆိုပေမယ့် တော်တော်လေး စည်စည်ကားကား ရှိလှပါတယ်၊ သူငယ်ချင်း ၃ ယောက် လက်ဖက်ရည်ဆိုင်ထိုင်ရင်း အသိမိတ်ဆွေတစ်ယောက်က မနေ့ည မိုးရွာတဲ့အချိန် ကျောက်တူးသွားတဲ့ သူတွေ ကမ်းပါးပြိုပြီး လူ ၁၀ ယောက်လောက်သေတယ်လို့ပြောတယ်၊ ကြားကြားချင်း စိတ်မကောင်းဖြစ်မိတယ်၊ ဒီနယ်မြေ ဒီဇာတိက လူတွေကတော့ ကမ်းပါးပြိုလို့ သေတယ်ဆိုတာ ထူးထူးဆန်းဆန်းမဟုတ်ပေမယ့် ကျွန်တော့်အတွက်တော့ ထူးဆန်းနေခဲ့တယ်၊ အဲဒီသေသွားတဲ့အထဲမှာ ကျွန်တော်တည်းတဲ့အိမ်ဝန်းထဲက အိမ်ဌား အန်တီကြီးတစ်ယောက်ရဲ့ သားကြီး လဲ ပါတယ်၊ ကျောက်တူးသွားရင်း ကမ်းပါးပြိုပြီး သေဆုံးသွားတဲ့သူတွေကို ကျောက်တူးနေတဲ့ ရေမဆေးသမားအချင်းချင်း သူ့တို့အလောင်းတွေကို ပြန်ဆယ်ဖော်ထုတ်ခဲ့ကြတယ်၊ ရေမဆေးသမားဆိုတာ တော်တော်လေးသနားဖို့ကောင်းတယ်၊ ကျောက်ကောင်းကောင်းတစ်လုံးရရင် ချက်ချင်း လက်ငင်း လောပန်း ဖြစ်သွားနိုင်သလို၊ ကျောက်တူးရင်း ကမ်းပါးပြို သေဆုံးတာတွေလဲ အများကြီးရှိတယ်၊ ကျောက်တူးနေတဲ့ ရေမဆေးသမား အများစုဟာ ဒီနယ်မြေက လူတွေထက် ရခိုင် လူမျိုးတွေအများဆုံး လုပ်ကြတယ်၊ ဒီနယ်မြေက လူတွေကတောင် သူတို့ ရခိုင်ပြည်နယ်မှာ ယောင်္ကျားတွေ တော်တော်လေးရှားလိမ့်မယ်လို့ ပြောကြတယ်၊ တစ်နေ့ ညနေပိုင်း ရခိုင်တွေအိမ်ဘက်သွားတော့ သူတို့ရဲ့ ဟင်း က ဘာဟင်းတွေလဲဆိုတော့ ငရုတ်သီးထောင်း၊ နောက်ပြီး ငရုတ်သီးဟင်းရည် အဲဒါနဲ့ မြိန်ရည်ရှက်ရည် စားကြတယ်၊ သူတို့က အလုပ်လဲကောင်းကောင်း လုပ်နိုင်သလို၊ စားသောက်တဲ့နေရာမှာလဲ ဖြစ်သလိုပဲစားကြတယ်၊ ရခိုင်တွေ ငရုတ်သီးကြိုက်တာကို ခုမှ မြင်ဖူးတော့တယ်၊ ရေမဆေးသမားတွေထဲက လောပန်းဖြစ်သွားတဲ့သူတွေကလဲ ရခိုင် တွေ အများဆုံးပဲ၊ ရေမဆေးသမားဆိုတာ ကျောက်တူးဖို့ သံတိုင် တစ်ချောင်းရှိရင် ရပြီ၊ အရင်တုန်းကဆိုရင် မနက်မိုးလင်းတာ သံတိုင်ကို ပုခုံးပေါ်ထမ်း ထမင်းထုတ်ယူပြီး ကျောက်တောင်တွေဆီသွားပြီး သွားတူးကြတယ်၊ ခု ကတော့ မနက်ပိုင်း မတူးရဲကြဘူး ၊ ဒါပေမယ့် တူးတဲ့သူတွေလဲ ရှိပါတယ်၊ အများစုက ဖမ်းမှာ ကြောက်ပြီး မတူးကြဘူး၊ ဘယ်အချိန်သွားတူးလဲ ဆိုတော့ ည ၁၁ နာရီ လောက်ကတော့ မနက် ၈ နာရီ ၉ နာရီ ထိ ကျောက်သွားတူးကြတယ်၊ အဲဒီအချိန်က အဖမ်းအဆီးလဲ သိပ်မရှိတော့ သွားတူးကြတာပေါ့၊ တစ်နေ့ ကျွန်တော်လဲ ရေမဆေးသမားတွေကျောက်တူးတဲ့နေရာကို သွားချင်လာတယ်၊ ဒါနဲ့ မနက် ၃ နာရီ ထပြီး လုံးခင်း ကနေ မှော်စီဆာ ဘက်ကို သူငယ်ချင်း ၃ ယောက် ဆိုင်ကယ်နဲ့သွားကြတယ်၊ မှော်စီဆာ က အသိအိမ်မှာ ဆိုင်ကယ်ကို ထားခဲ့ရတယ်၊ ဆိုင်ကယ်ကို ရိုးရိုးတန်းတန်းထားရင် ပျောက်ပြီသာမှတ်တော့၊ ဆိုင်ကယ်ကို ဇာတ်သော့လဲခေတ်၊ သံကြိုးတွေ နဲ့ ရှေ့ နောက် တုတ်ပြီး ထားခဲ့ရတယ်၊ အဲဒီကနေ မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး ကျောက်တောင်တွေဆီ သွားတယ်၊ ကျွန်တော် အဝေးကနေ ကြားရမြင်ရတာက ကျောက်တောင်တွေအောက်မှာ "ဒေါင် ဒေါင် ဒေါင် ဒုတ် ဒုတ် ဒုတ်" အသံ  မီးအလင်းရောင်လေးတွေ နဲ့ ကျောက်တူးနေတဲ့ သူတွေကို လှမ်းမြင်တယ်။ 
ကျောက်တောင်တွေနား ရောက်ဖို့ နီးကပ်လာပြီ၊ ကျောက်တောင်တွေ နားမရောက်ခင် သူငယ်ချင်းတွေ ရဲ့ ကျင်းမှာ သံတိုင် ၃ ချောင်း နဲ့ ဂေါ်ပြား ယူပြီး သွားကြတယ်၊ နောက်ဆုံးတော့ ကျွန်တော်ရောက်ချင်နေတဲ့ ကျောက်တောင်တွေဆီရောက်ပြီ၊ ကျောက်တူးနေကြတဲ့ အသံတွေအပြင် ကျောက်တောင်ကြီးတွေက ကျွန်တော့်ကို ပြုံးပြနေသလို စကားပြောနေသလို ခံစားရတယ်၊ အပေါ်ကို မော့ကြည့်လိုက်ရင် တော်တော်ကို အမြင့်ကြီးပဲ၊ ကျောက်တောင်တွေ အောက်ခြေမှာ လဲ ဓာတ်မီးကိုယ်စီ နဲ့ ကျောက်ရှာတဲ့သူတွေ အများကြီးပဲ၊ နောက်ပြီး အဲဒီတောင်တွေနားမှာ ရွှေကျင် တာလဲလုပ်တယ်၊ တောင်တွေကို ပတ်ကြည့်ရင်း ကြက်သီးထလာတယ်၊ ဟိုတစ်ပတ်လောက်က ဒီနေရာ မှာလဲ ကမ်းပါးပြိုပြီး သေခဲ့တဲ့သူတွေ မနည်းပဲ၊ မနက် ၃ နာရီ ဆိုတော့ တော်တော်မှောင်သေးတယ်၊ ကျောက်ကြည့်ဓာတ်မီးကို ပါးစပ် နဲ့ကိုက် သံတိုင်ကို ကိုင်ပြီး ကျောက်တူးပါလေရော၊ ကျောက်ရှာတဲ့နေရာမှာ ဒီနေရာမှာ ကျောက်မျိုးကို မရှာတက်ရင် အလကားပဲ၊ ကျောက်တောင်ကြီးတစ်ခုလုံးမှာ ကျောက်တွေက အများကြီးပဲ၊ အဲဒီထဲမှာ မှ ကျောက်ဟုတ် ဟုတ်မဟုတ် ဘယ်လို ခွဲခြားသလဲဆိုတော့၊ ကျောက်တစ်လုံးရပြီဆိုရင် အဲဒီကျောက်မှာ ချော်တွေကြည့်ရတယ်၊ နောက် ယမ်းဖက်တွေ ကို ကြည့်ရတယ်၊ နောက် ကျောက်အရွယ်အစားချင်တူရင်တောင် ကျောက်အစစ်က weight ပိုတယ်၊ အဲဒါတွေနဲ့ ခွဲခြားရတယ်၊ နောက် စိန်တူ နဲ့ ကျောက်ကို ခေါက်ပြီး ကြည့်တယ်၊ တကယ်တော့ ကျောက်ကောင်းကောင်းတစ်လုံးရဖို့ မလွယ်ဘူးဆိုတာကို ကျွန်တော်သိလိုက်ရတယ်၊ ကျောက်တူးနေရင်း မနက် ၅ နာရီကျော်လောက်ကျတော့ "ဒိုင်း" ဆိုပြီး အသံကြားလိုက်တယ်၊ အကုန်လုံး ကျောက်တူးနေရာကနေ ထွက်ပြေးကြတယ်၊ မှောင်နေတော့ ဘာအသံလဲ ဘယ်သူလဲ မသိ၊ ပြေးကြတာပဲ၊ သူတို့ကတော့ သေနတ်ဖောက်တဲ့အသံတဲ့၊ ကျွန်တော်လဲ ပြေးလိုက်ရတာပေါ့၊ တစ်ကိုယ်လုံး ချွေးတွေရော ဗိုက်တွေရောအောင့်နေတာပဲ ပြေးလိုက်ရတာ၊ ကျွန်တော်လဲ ဆိုင်ကယ်ထားခဲ့တဲ့ မှော်စီဆာဘက်က သူငယ်ချင်းအိမ်ကို အရင်ပြေးနှင့်တယ်၊ ဘယ်လိုလုပ် ဘယ်လိုဒီကိုရောက်သွားမှန်းကို မသိတာ၊ ခနနေကျတော့ ကျွန်တော့်သူငယ်ချင်းတွေ ရောက်လာတယ်၊ ပြေးလိုက်ရတာမောလို့ ခန နားရင်း ပြန်ခါနီးကျ မိုးရွာပါလေရော၊ မန္တလေးမှာသာ မိုးမရွာတာ ကချင်ပြည်နယ်မှာ နေ့တိုင်း မိုးရွာတယ်၊ မနက် ၃ နာရီ ထပြီး ဒီကိုလာတာဆိုတော့ သူငယ်ချင်းတွေကိုပြောလိုက်တယ် အိမ်ပြန်ရောက်ရင် ငါအိပ်မယ် ငါ့ကိုလာမနှိုးနဲ့ဆိုပြီး၊ အိမ်ပြန်ရောက်တော့ အိပ်လိုက်တာ မနက် ၁၀ နာရီ မှ နှိုးပါတော့တယ်။ မနက်မိုးလင်း အိပ်ရာကနှိုးရော မနေ့ညက အဖြစ်အပျက်ကိုတွေးနေမိတယ်၊ ကျောက်ရှာနေတဲ့သူတွေ အန္တရယ်ကင်းကင်းနဲ့ ကျောက်ရှာနိုင်ကြပါစေ၊ ကျောက်ကောင်းကောင်းအမြန်ဆုံးရကြပါစေ၊  ကချင်ပြည်နယ်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ၊ အခေါက်ပေါင်းများစွာ လာလည်ချင်ပါသေးတယ်၊ မှော်ထဲတွင် ကျောက်လာတူးသူ အများစုမှာ ကျောက်မရဖူးသူ မရှိပေ။ အနည်းဆုံးသိန်းဆယ်ချီ ရဖူးသူချည်းပင်။ တစ်နေ့ ရမလား ရမလား နှင့် ကျောက်တူးကြရသည်။ တစ်ချို့ မွေးရပ်မြေ မပြန်ဖြစ်ဘဲ မှော်ကြာ ဖြစ်သွားကြ၏ ပုံမှန်ဝင်ငွေတော့ မရှိပါ။ ရသည့် အခါလည်း ရ၊ မရသည့်အခါလည်း ရှိသည်ပေါ့လေ။ မရတာ ကြာလာပြီး စိတ်ဓာတ်ပျက်ပြားကာ မူးယစ်ဆေး၏သားကောင် ဖြစ်သွားသူတွေလည်း ရှိကြလေသည်။ ဘယ်လိုပင်ဖြစ်နေပါစေ ကျွန်တော်ကတော့ ပင်ပန်းဆင်းရဲ မှု ဒဏ်ကို
ကြံကြံခံပြီး အလုပ်ကို ကြိုးစား လုပ်ကြသူတိုင်း ကျောက်ကောင်းတစ်လုံး ရစေချင်ပါသည်။ အပင်စိုက်သူတိုင်းကို အသီး စားစေချင်သည်။ ခေါင်သော အရပ်ဒေသမှ လာရောက်အလုပ်လုပ်ကြသော သူတိုင်းကို သူဌေးကြီး (လောပန်းကြီး) ဖြစ်သွားစေချင်ပါသည်။

စာရေးဆရာမဟုတ်တဲ့အတွက် စာရေးတဲ့နေရာမှာ အဆင်မပြေတာများရှိရင် သည်းခံခွင့်လွှတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဓာတ်ပုံကို ကို Zawmoehetet Zawmoe ဆီမှ ကူးယူဖော်ပြထားပါသည်။ ကို Zawmoehetet Zawmoe အား အထူးကျေးဇူးတင်ရှိပါသည်။


သူရဖြိုးေ၀ (ခ) ကိုဖြိုး - မန္တလေး

Comments

Popular posts from this blog

“၁၀တန်းအောင်ပြီး .... စစ်တက္ကသိုလ် သို့ .............”