သူရ ရဲ့ ပေါ့ပေါ့ပါးပါး မှတ်တမ်းများ - (၁)









ပေါ့ပေါ့ပါးပါး မှတ်တမ်းများ ဆိုတဲ့ ခေါင်းစဉ်ကတော့ ကျွန်တော့် စိတ်ထဲမှာ သတိရလာတာတွေ၊ ခံစားချက်လေးတွေ အဓိကကတော့ စာရေးချင်စိတ် ဖြစ်လာတဲ့အခါ ဒီ Blog လေးမှာ အပိုင်းလေးတွေ နဲ့ ရေးသွားပါမယ်။

တနေ့ တနေ့ ဖေ့ဘုတ်ပေါ်မှာလည်း သတင်းတွေကြည့်လိုက်၊ ဟာသတွေဖတ်လိုက်နဲ့  Blog ဘက်ကို မရောက်ဖြစ်တာ မရေးဖြစ်တာ နှစ်ကို အတော်ကြာခဲ့ပါပြီ။  ၂၀၂၁ ခုနစ်၊ ဖေဖော်ဝါရီလ၊ ၁ရက်နေ့ မှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ လူအများ က စိတ်ညစ်စရာတွေ နဲ့ ကြုံရမယ် ရင်ဆိုင်ရမယ်ဆိုတာ သိပါတယ် အဲ့ဒီထဲမှာမှ ကျွန်တော်လည်း အခက်ခဲမျိုးစုံ နဲ့ စိတ်ညစ်စရာတွေ ရှိခဲ့သူပါပဲ။ ယခု စာရေးနေတဲ့ အချိန်ထိပေါ့ဗျာ။

ကိုဗစ်ကတမျိုး၊ နိုင်ငံရေးကတမျိုး နဲ့ လူတွေလည်း အဖက်ဖက်က စီးပွားရေးတွေလည်း အဆင်မပြေ စိတ်ဓာတ်တွေ ကျနေချိန်ပေါ့။ ဒီကာလတွေကတော့ အတော်ကို ကြန့်ကြန့်ခံနိုင်မှကို ရမယ်လို့ စာရေးသူက ပြောချင်ပါတယ်။ စိတ်ညစ်တာကတော့ လူတိုင်းနီးပါး ပါပဲ။ စိတ်ညစ်စရာတွေကြောင့် ကိုယ့်အသက်ပါ စတေးပြီး သေသွားကြသူတွေ သတင်းတွေလည်း  ဖတ်နေရတယ်။

ကျွန်တော့်ရဲ့ ဖေ့ဘုတ် က သူငယ်ချင်းတွေက ပြောကြတယ်။ ကိုသူရ မှာ စိတ်ညစ်စရာ မရှိဘူးလားတဲ့၊ အမြဲ ကိုသူရ ကြည့်ရတာ ဟာသလေး တွေ ရှယ်ပြီး တင်နေတာတွေ့တယ်၊ ကျွန်တော့်ကို အားကျလိုက်တာတဲ့လေ။
(ကျွန်တော်ပြုံးမိပါတယ်)

တကယ်တော့လား ကျွန်တော် ဟာ ဆယ်လီတစ်ဦးလည်း မဟုတ်ရပါဘူး။ နာမည်လည်း မကြီးချင်ပါဘူး။ ကျွန်တော်သည်လည်း ပျော်ရွှင်နေတဲ့ လူသားမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်တွေလည်း ဘယ်သူမှ မသိနိုင်ပါဘူး။ ကျွန်တော် ခံစားချက်တွေကို ဘယ်သောအခါမှ ချမပြတက် သလို မပြောဖြစ်ပါဘူး။ ဒီချိန်ဒီကာလက လူတွေမှာ ခံစားချက်တွေ ပျောက်ဆုံးနေတယ်၊ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတယ်၊ တနေ့တနေ့ ဘာလုပ်ရမှန်းမသိ လေနေသူတွေရှိကြတယ် အစရှိသည်ပေါ့။

အဲ့ဒါတွေကြောင့် ကျွန်တော်က လူတွေကို ခနတဖြုတ်ဖြစ်စေ ဟာသလေးတွေ နဲ့ ပြုံးပျော်ရယ်ရွှင်စေချင်မိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ညစ်စရာရှိရင် ဟာသလေးတွေကြည့်၊ စာလေးတွေ ဖတ်လိုက်ပဲ လုပ်ဖြစ်တယ်။ ဘယ်သောအခါမှ ကိုယ့်ရဲ့ စိတ်ညစ်မှုကို Public မှာ ချပြလေ့မရှိတက်ပါဘူး။ အပြင်မှာဆို ပိုဆိုးပေါ့ မပြောဖြစ်တက်ဘူး။

ကမ္ဘာကြီးရဲ့ လှတဲ့နေရာတွေအများကြီးရှိသေးတယ် ကျွန်တော်တို့တွေ ခရီးသွားရဦးမယ်၊ 
ကျန်းမာအောင် နေထိုင်ကြပါ မိတ်ဆွေတို့...


ကောင်းမှုတစ်ခုနေ့စဉ်ပြုပါ
ကိုသူရ
(၁၀.၁၀.၂၀၂၁)




Comments

Popular posts from this blog

“၁၀တန်းအောင်ပြီး .... စစ်တက္ကသိုလ် သို့ .............”

မှော်နယ်မြေ သို့ ...